ယခုနှစ်ပိုင်းမှာ အိမ်ထောင်ရေးပြဿနာတွေဖြစ်ပေါ်ခဲ့တဲ့ ရွန်းနီတို့မိသားစုဟာ ဇနီးသည် ကောလင်းရဲ့ စီစဉ်မှုနဲ့အတူ လာမယ့်နှစ်မှာ ပေါင်သန်း(၂၀)တန် အိမ်သစ်ကြီးဆီကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေအရ သိရပါတယ်။ လက်ရှိအချိန်မှာတော့ အိမ်အသစ်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ဝင်နေဆဲဖြစ်ပြီး အံ့မခန်းအဆောက်အဦတွေ ပေါ်ထွက်လာဖို့ ရှိပါတယ်။
အိမ်အသစ်တည်ဆောက်မယ့်နေရာဟာ မြေအားဖြင့် ဧက(၄၀)ကျယ်ဝန်းပြီး၊ ငါးမျှားဖို့အတွက် ငါးကန်(၂)ကန်၊ မြင်းဝါသနာပါတဲ့ ရွန်းနီအတွက် မြင်းကောင်ရေ (၁၅)ကောင် ထားလို့ရမယ့် မြင်းဇောင်းတစ်ခု ပါဝင်မှာပါ။ ရေကန်တွေကတော့ တူးဖော်ပြီးပြီဖြစ်ပြီး၊ ရေလည်းဖြည့်တင်းကာ ငါးမွေးမြူခြင်းတွေလည်း လုပ်ဆောင်နေပြီလို့ သိရပါတယ်။
အိမ်မကြီးတစ်လုံးအပြင် အရံအိမ်တွေလည်း ထည့်သွင်းတည်ဆောက်သွားမှာဖြစ်ပြီး အိမ်မကြီးထဲမှာတော့ ကားဂိုထောင်ဆီတိုက်ရိုက်သွားနိုင်မယ့် ဥမင်ထည့်သွင်းတည်ဆောက်မှာပါ။ အိမ်ထဲမှာ Spa တစ်ခု၊ ရေစိမ်ကန် စတာတွေထည့်သွင်းတည်ဆောက်မှာ ဖြစ်ပြီး၊ ရုပ်ရှင်ရုံနဲ့ ဥယျာဉ်ငယ်လေးလည်း ပါဝင်မှာပါ။
ရွန်းနီနဲ့ ကောလင်းတို့ဟာ အသက်(၁၆)နှစ်အရွယ်ကတည်းက အတူကြီးပြင်းလာခဲ့ကြသူတွေဖြစ်ပြီး၊ သာမန်အားဖြင့် ရွန်နီးပြုလုပ်ခဲ့တဲ့ ပြဿနာတွေကြောင့် လင်မယားခွာပြဲဖို့ အခြေအနေကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ကောလင်းဟာ ရွန်းနီကို အလွန်ချစ်မြတ်နိုးသူဖြစ်ပြီး၊ သူမတို့ အိမ်ထောင်ရေးနဲ့ပတ်သက်လို့ အစ်မကြီးလို ခင်မင်ရတဲ့ ဗစ်တိုးရီယားဘက်ခမ်းရဲ့ အကြံအဉာဏ်တွေ ရယူခဲ့သေးတယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါသေးတယ်။
မကြာသေးခင်က လူမှုကွန်ယက်ပေါ်မှာ ပို့စ်တင်ခြင်းမပြုတာကြာတဲ့ ကောလင်းရွန်းနီက သူမရဲ့ခင်ပွန်းကို သူမ အလွန်ချစ်ကြောင်းဆိုပါတယ်။ ယင်းနောက် လူမြင်ကွင်းကို ပြန်လည်ပေါ်ထွက်လာတဲ့အခါ ရွန်းနီရဲ့ လက်ထပ်လက်စွပ် ဝတ်ဆင်ထားတာကိုတော့ မတွေ့ရပါဘူး။ လက်ရှိအချိန်မှာတော့ ကောလင်းဟာ စတုတ္ထမြောက်ကိုယ်ဝန်ကို ဆောင်ထားရပြီး၊ သူမရဲ့ အိမ်ထောင်ရေးတည်မြဲဖို့ကိုသာ ဦးစားပေးအာရုံစိုက်တော့မယ့် လက္ခဏာတွေ တွေ့နေရပါတယ်။
လက်ရှိအချိန်မှာ ရွန်းနီမိသားစုရဲ့ ပိုင်ဆိုင်မှုဟာ ပေါင်သန်း (၁၁၀) ရှိကြောင်း သိရပြီး၊ ကောလင်းရဲ့ ဖွင့်ဟဝန်ခံမှုမှာတော့ ငွေက သူမကို ပျော်အောင်မထားနိုင်ဘူးဆိုတာ သေချာကြောင်း၊ သူမရဲ့ ဘဝနဲ့ ဆက်စပ်နေတဲ့အစိတ်အပိုင်းတွေမှန်သမျှဟာ ငွေရေးကြေးရေး အဓိကမကျကြောင်း ဆိုပါတယ်။
ကောလင်းက ” လူတွေကတော့ ပြောကြတယ် .. ငွေ အများကြီး ရှာနိုင်တာ ဟုတ်တယ် မိုက်တယ်ပေါ့ … ဒါပေမယ့် သေချာတာကတော့ ဒါဟာ ဘဝလို့ ပြောလို့မရဘူး … ငွေက အရာရာကို ပျော်ရွှင်စေလိမ့်မယ်မဟုတ်ဘူး … ကျွန်မကတော့ ဒီလိုနားလည်တယ် … ဒီတော့ ငွေရေးကြေးရေးဆိုတာကို ကျွန်မက သိပ်ပြီးတော့ အဓိကမကျဘူး … “လို့ ပြောခဲ့ပါတယ်။
နတ်စည်တော် (Shwemom)
source : mirror.co.uk
Comments
Post a Comment