မည်သည့်နယ်ပယ်၊ပတ်ဝန်းကျင်မှာ ကျင်လည်ကျက်စားသူဖြစ်စေ၊ မည်သည့်လုပ်ငန်းကို လုပ်ကိုင်သူဖြစ်စေ လူမှုဆက်ဆံရေးကောင်းဖို့ အထူးလိုအပ်ပါတယ်။ လူမှုဆက်ဆံရေး ကောင်းမွန်ပြေပြစ်မှသာ အရာရာတိုင်းမှာ အဆင်ပြေ ချောမွေ့ပြီး လိုအပ်တဲ့ အကူအညီ၊အထောက်အပံ့တွေကိုလည်း အလွယ်တကူ ရရှိနိုင်မှာ ဖြစ်ပါတယ်။ လူမှုဆက်ဆံရေး ကောင်းမွန်ခြင်းဟာ အောင်မြင်ချင်သူတို့အတွက် မရှိမဖြစ် လိုအပ်တဲ့စွမ်းရည်တစ်ခုလည်း ဖြစ်တာကြောင့် လူမှုဆက်ဆံရေး ကောင်းမွန်လာအောင် မိမိကိုယ်ကို ဘယ်လိုလေ့ကျင့်နိုင်မလည်းဆိုတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။
အလေ့အကျင့်ရအောင် အရင်လုပ်ပါ။
လူမှုဆက်ဆံရေးကောင်းမွန်မှုဟာလည်း အခြားသော စွမ်းရည်တွေလိုပဲ ကျွမ်းကျင်လာအောင် လေ့ကျင့်ယူလို့ ရပါတယ်။ အဓိကလိုအပ်တာကတော့ အားမလျှော့တတ်တဲ့စိတ်နဲ့ အလေ့အကျင့်ပါပဲ။ ကိုယ်စိတ်သက်သာသလို တစ်ယောက်တည်း နေထိုင်တတ်တဲ့ပုံစံကို တဖြည်းဖြည်း ပြုပြင်ပြောင်းလဲယူရမှာဖြစ်ပြီး လူတစ်ယောက်မဟုတ် တစ်ယောက်နဲ့ ပုံမှန်တွေ့ဆုံ၊စကားပြောတာမျိုးနဲ့ အလေ့အကျင့် လုပ်ရပါလိမ့်မယ်။ ဥပမာ – လမ်းသွားရင် ဘာသိဘာသာနဲ့ လူတွေကို မမြင်ချင်ယောင်ဆောင်သွားမယ့်အစား အိမ်နီးချင်းတွေကို ပုံမှန်နှုတ်ဆက်တာမျိုး၊ အလာပသလ္လာပ ပြောဆိုတာမျိုးနဲ့ နှုတ်သွက်လျှာသွက် ဖြစ်လာအောင် အရင်ဆုံး လေ့ကျင့်သင့်ပါတယ်။
အကောင်းမြင်စိတ်နဲ့ ပျော်ပျော်နေပါ။
လူတွေနဲ့အဆင်ပြေပြီး ပေါင်းသင်းဆက်ဆံရေးကောင်းချင်ရင် ပျော်ပျော်ရွှင်ရွှင်၊ ပေါ့ပေါ့ပါးပါးနဲ့ နေတတ်ပြီး အကောင်းမြင်စိတ်နဲ့ ရှုမြင်တတ်ဖို့ လိုအပ်ပါတယ်။ “အမျက်အဤ တစ်စေ့မရှိ၊ ချစ်သောမျက်စိဖြင့် ရှုကြရာလို၏”ဆိုတဲ့ ရာဇ၀င်တွင်တဲ့ ဆုတောင်းစကားလေးလိုပဲ လူတွေကို အကောင်းမြင်စိတ်နဲ့ ရှုမြင်ပြီး ချစ်ခင်တတ်တဲ့စိတ်ဟာ လူမှုဆက်ဆံရေးနယ်ပယ်မှာ အလွန်အဖိုးထိုက်တန်ပါတယ်။ အပြစ်တွေကိုပယ်ပြီး အကောင်းကိုပဲမြင်တတ်တဲ့အတွက် ကိုယ့်စိတ်ထဲမှာလည်း ပေါ့ပါးလွတ်လပ်နေပြီး အညိုးအာဃတတွေနဲ့ ပင်ပန်းမနေဘဲ အားလုံးနဲ့လိုက်လျောညီထွေစွာ အဆင်ပြေပြေ ဆက်ဆံနိုင်ပါလိမ့်မယ်။
ဝေဖန်တတ်တဲ့စိတ်ကို ချိုးနှိမ်ပါ။
ကိုယ့်ကိုယ်ကိုဖြစ်စေ၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုဖြစ်စေ ကောင်းသည်၊ဆိုးသည် ဝေဖန်တတ်တဲ့အကျင့်ဟာ လူမှုဆက်ဆံရေးနယ်ပယ်ရဲ့ စည်းအပြင်ကို အလိုလျောက် ရောက်ရှိစေတတ်ပါတယ်။ ကိုယ်တိုင်အပါအ၀င် လူအားလုံးဟာ အကောင်းနဲ့အဆိုး ယှဉ်တွဲပိုင်ဆိုင်ထားသူတွေ ဖြစ်တယ်ဆိုတာ သတိရပြီး မကောင်းတာတွေကိုပယ်ကာ ကောင်းတာတွေ ကို လက်ခံပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဒီလိုမှမဟုတ်ဘဲ ဟိုလူကကောင်းတယ်၊ ဒီလူကတော့ တစ်မျိုးတစ်ဘာသာဆိုပြီး စိတ်ထဲက ဝေဖန်နေမယ်ဆိုရင် ကိုယ့်ရင်ထဲမှာကိုက အမြင်မကြည်လင်တဲ့အတွက် အဲ့သည့်လူတွေနဲ့ အဆင်ပြေအောင် သင့်သင့်မြတ်မြတ် ဆက်ဆံဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒါကြောင့် ဥပေက္ခာတရား လက်ကိုင်ထားပြီး ကောင်းသည်၊ ဆိုးသည် ဝေဖန်တတ်တဲ့စိတ်ကလေးကို ဖျောက်ဖျက်ဖို့ လိုပါလိမ့်မယ်။
မိတ်ဆွေအသစ်တွေနဲ့ ဆုံတွေ့ဖို့ အခွင့်အရေးကို ဖန်တီးပါ။
ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်စေမယ့် နည်းလမ်းကောင်းတစ်ခုကတော့ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို ပိုမိုကျယ်ပြန့်အောင် ချဲ့ထွင်ခြင်းပဲ ဖြစ်ပါတယ်။ မသိသေးတဲ့ လူအသစ်တွေ၊ အသိုင်းအ၀ိုင်းအသစ်တွေနဲ့ ဆုံတွေ့ခွင့် ကြုံလာတဲ့အခါ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ပြီး ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးကို ထူထောင်နိုင်ခြင်းအားဖြင့် အသိုင်းအ၀ိုင်း ပိုကျယ်လာပါလိမ့်မယ်။ ကြုံတွေ့လာတဲ့လူတိုင်းနဲ့ အဆင်ပြေအောင် ပြောဆိုဆက်ဆံနိုင်ခြင်းက သင့်ဘ၀အတွက် ကောင်းမွန်တဲ့ အပြောင်းအလဲတွေကိုလည်း ယူဆောင်လာနိုင်ပါသေးတယ်။ သင်စတင်မိတ်ဖွဲ့မယ့် လူစိမ်းတစ်ယောက်ဟာ သင့်ရဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက် လည်း ဖြစ်လာနိုင်သလို၊ စီးပွားဖက်ကနေ ဖူးစာရှင်အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူအသစ်တွေနဲ့ ဆုံတွေ့ရခြင်းကို ပျော်ပျော်ကြီး ကြိုဆိုလိုက်ပါ။
အားလုံးပဲ လူမှုဆက်ဆံရေးမှာ အဆင်ပြေကောင်းမွန်ပြီး အောင်မြင်ပျော်ရွှင်တဲ့ ဘ၀တွေကို ရရှိပိုင်ဆိုင်နိုင်ကြပါစေ။
ဆက်ဖတ်ရန် အောက်က Link ကို နှိပ်ပါ..
➥ https://just4444you.blogspot.com/
Comments
Post a Comment